ရန်နိုင်မြင့်ဆိုတာ (၅)
မထင်မှတ်ပဲ ဆယ်တန်းထိ အခန်းတူတူ ကျောင်းအတူတူ တက်ခဲ့ပြီး တက္ကသိုလ်တွေ စ တက်ကြထဲက မတွေ့ဖြစ်တော့တဲ့ အမောင်ဂွိ ( Htet Wai Yan Soe ) နဲ့ ၁၀ မိုင်ကုန်းက ‘ချမ်းသာ’ Internet Cafe` မှာ မထင်မှတ်ပဲ ပြန်ဆုံတယ်။ သူကလည်း သူ့ဟာနဲ့သူ လေ့လာနေတာ။ သူလည်း အဲ့အချိန်တုန်းက Service Technician ပဲ။ Internet Cafe` မှာ OS Installation တွေ Cafe`Server တွေ Network တွေ လိုက်လုပ်နေတာ။ ကိုယ်နဲ့ကလည်း ပုံစံအတူတူပဲဆိုတော့ ပေါင်းမိသွားတယ်။ အဖွဲ့တစ်ခုလုပ်ဖြစ်ရင်လည်း ပြောမယ်ဆိုပြီး ပြောထားခဲ့တယ်။
ကျွန်တော်လည်း Proxy Server ထိုင်လို့ရသွားတော့ ကျွန်တော် ဆက်စဉ်းစားမိတယ်။ ဒီ Proxy Server ကို Internet ကတစ်ဆင့် လူတိုင်း သုံးလို့ရတယ်ဆိုရင် အကယ်၍များ Website လေးများတင်တယ်ဆိုရင် လူတိုင်း အဲ့ Website ကို ဝင်ကြည့်လို့ရမှာပဲ ဆိုပြီးတွေးမိတယ်။ အဲဒါနဲ့ Web Server တစ်ခု တည်ဆောက်နိုင်အောင် ဆက်လေ့လာတယ်။ Proxy ဖိုးတွေရတဲ့ထဲကနေ VPS နောက်တစ်လုံးထပ်ဝယ်တယ်။ နောက်တော့ Web Server ထိုင်ကြည့်တယ်။ Linux Apache MySQL PHP တွေပါတဲ့ LAMP ပေါ့။ Squid ကိုတောင် Compile လုပ်တဲ့အဆင့်ကို ကောင်းကောင်းလုပ်နိုင်ခဲ့ပြီးပြီပဲ LAMP Server လောက်တော့ ဘာခက်လို့လဲနော်။ Idea နဲ့ စမ်းချင်တဲ့စိတ်လေး လေးတစ်ခုပဲလိုတာ။ ဒီလိုနဲ့ Web Server ကို စမ်းသပ်ဖြစ်ခဲ့တယ်။
နောက်တော့ Proxy Server ကို မျိုးကွဲတွေ လိုက်ရှာရင်းနဲ့ ဘာကိုသွားတွေ့လဲဆိုတော့ “pfSense” ကိုသွားတွေ့ပါလေရော။ iso Download စွဲပြီး VM ပေါ် Install အရင်လုပ်ကြည့်တယ်။ အဆင်ပြေသား။ နောက်တော့ ရုံးမှာ တခြား စက်တွေရှိတာဆိုတော့ တခြားစက်ပေါ်ကို pfSense တင်ကြည့်တယ်။ ဘာတွေဘယ်လိုလုပ်လို့ရလဲ ကြည့်ကြည့်တယ်။ Router Configuration တွေ ကောင်းကောင်းသိနေတော့ WAN အပိုင်းကော LAN အပိုင်းတွေရော ခက်ခက်ခဲခဲ တစ်ခုမှ မရှိခဲ့ဘူး အားလုံးအဆင်ပြေပြေနဲ့ နားလည်ခဲ့တယ်။
ကာလအားဖြင့် ၂၀၁၀ ထဲကိုရောက်နေပြီ။ ဘယ်ကစလိုက်တဲ့ ဇတ်လမ်းလည်းတော့ မမှတ်မိတော့ပါဘူး Wireless အပိုင်းကိုလည်း တပြိုင်ထဲ လေ့လာမိပြီးသားဖြစ်နေတယ်။ အဲဒီအချိန်က Red Link တွေပေါ်နေပြီ။ Red Link Diamond Plan (Unlimited) တွေ ဝယ်လို့ရနေပြီ။ pfSense ကိုလည်း ကောင်းကောင်းရထားတယ် Linux လည်း ရထားတယ်ဆိုတော့ အစစအရာရာက အေးအေးဆေးဆေးပဲ။ အဲဒီအချိန်မှာ ခေတ်စားတာက Internet Cafe တွေကနေပြီး တခြား အိမ်တွေကို Wireless ရောင်း တာ တော်တော်ခေတ်စားနေတာ။
အဲဒီတော့ ၁၀ မိုင်ကုန်းရဲ့ အချက်အချာကျတဲ့ နေရာ (၃) ခုမှာ TP-Link WA5210G (CPE) ရယ် TP-Link ANT-2415D (Omni Antenna) ရယ်တွဲပြီး ဆယ်မိုင်ကုန်းတစ်ခုလုံးကို Wireless ပေးဖို့အတွက် သူငယ်ချင်းတွေ ပိုက်ဆံတွေဝိုင်းထည့်ပြီး အဲဒါလေးကို ဖြစ်အောင်လုပ်ခဲ့တယ်။ ဆယ်မိုင်ကုန်းက “ဖိုးလပြည့်” ဆိုတဲ့တစ်ယောက်ရဲ့ အိမ်မှာ Main Server နဲ့ Red Link Diamond Plan နဲ့ တွဲထားတယ် နောက်ပြီး အဲဒီကနေ Omni နဲ့ Wireless လွှင့်တယ်။ Gateway ကို pfSense ထားထားတယ်။ ကျန်တဲ့ နေရာ ၂ ခုက CPE + Omni တွေက Replica တွေအနေနဲ့ထားတယ်။ ပြောရရင် အဲဒီအချိန်က ၁၀ မိုင်ကုန်း တစ်ခုလုံးကို ကျွန်တော်တို့ရဲ့ Wireless က မိနေတယ်။ ပြန်ဖမ်းတော့လည်း ရိုးရိုး စက်မှာပါတဲ့ Wifi က မမိရင် Device လေးတွေ ဝယ်ခိုင်းတယ်။ ဆိုတော့ ဆယ်မိုင်ကုန်းမှာ အင်တာနက် စ တင်အသုံးပြုလို့ရသွားတာပေါ့။ ဝယ်တဲ့သူတွေလည်း မနည်းပါဘူး ဒါပေမယ့် တိုင်တွေထောင်ပြီး ၄ လ လောက်ပဲရှိသေးတယ် MPT ကနေ Mobile Internet ကို စတင်မိတ်ဆက်တယ် လည်းဆိုရော ကိုယ်တွေ ဂွမ်းသွားရောပေါ့။ 😀 ဒီလိုနဲ့ ဆယ်မိုင်ကုန်း Wifi Project ကြီးက Fail ဖြစ်သွားခဲ့တယ်။ နောက်တော့ တံတား မြို့က ဦးကျော် ဆီမှာ အဲ့လိုပဲ တစ်မြို့လုံးကို Wireless မိအောင် Omni တိုင်ကို သံပိုက် ၃ ချောင်းနဲ့ဆက်ပြီး အမြင့် ပေ ၃၀ ကျော်ထိ တင်ပြီး လွှင့်ခဲ့ဖူးတယ်။ နောက်တော့ သမိုင်း ဘက်မှာ လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် မိုးရွာရွာ နေပူပူ မိုးကြိုးပဲပစ်ပစ် ကိုယ်တင်ခဲ့တဲ့ CPE တွေ တစ်ခုမှ လောင်တယ်တို့ မိုးကြိုးပစ်ခံရတယ်တို့ တစ်ခါမှ မကြုံခဲ့ရဘူး။ ဘာလို့လဲဆိုတော့ ဆင်ထဲက သေချာ Ground ချတာ Earth ချတာ အကုန်လုံးကို သေချာ လုပ်ခဲ့တယ်။ အစစအရာရာ စေတနာထားပြီး ကိုယ့် အလုပ်လိုသဘောထားပြီးလုပ်ခဲ့တာဆိုတော့ အရမ်းစိတ်အေးရတယ်။
ကျွန်တော် Sakura Tower က အလုပ် နားတဲ့ စနေ နဲ့ တနင်္ဂနွေတွေဆိုရင် အချိန်ပြည့် Outdoor Service တွေလိုက်လုပ်တယ်။ အထူးသဖြင့် Internet Cafe တွေမှာ “pfSense” နဲ့ Gateway Server တွေ ထိုင်ပေးတယ်။ Wireless CPE တွေ လိုက်ချိတ်ပေးတယ်။ ကျွန်တော်တစ်ယောက်ထဲတော့မဟုတ်ဘူး။ အဲဒီအချိန်က Phoenix Internet Cafe (နောက်ကျတော့ Unity Cyber Cafe ဖြစ်သွားတယ်) အဲဒီ ဆိုင်က ကိုဇော်မင်းထွန်း တို့ ထက်ဝေယံစိုးတို့နဲ့ အတူတူပေါ့။ များသောအားဖြင့် အဲဒီ ဂိမ်းဆိုင်မှာပဲ အိပ်ဖြစ်လာတယ်။
၂၀၁၀ သြဂုတ်လပိုင်းထဲမှာ The Cyber Wings Team ကို ရှိတဲ့လူ ထက်ဝေယံစိုးတို့ ဇော်မင်းထွန်းတို့နဲ့ ဖွဲ့စည်းခဲ့တယ်။ အဲဒီ ဂိမ်းဆိုင်မှာ လာဆော့တဲ့ တချို့ကိုလည်း Hardware တွေသင်ပေးဖြစ်တယ်။ ပြောရရင် ပထမဆုံး စာသင်ပေးဖူးတာပဲ။ Internet Cafe တွေမှာ တစ်ဆိုင်ဆုံး Servicing တွေလုပ်ရတယ်။ ရှိသမျှ Computer ကို OS ပြန်တင်၊ Gateway Server ထိုင်ပေး၊ Cafe` Server ထိုင်ပေး၊ ပြီးရင် အကုန်ပြန်ချိတ်၊ တစ်နာရီဘယ်လောက်ဆိုတာတွေပေါ်အောင် Config ချပေး စသည်ဖြင့် ကျွန်တော်ရယ် ဂွိ ရယ် စနေတနင်္ဂနွေတွေမှာ အတူတူ လိုက်လုပ်ကြတယ်။ ဒါပေမယ့် ကိုယ်တွေက အဖြစ်လုပ်တာမဟုတ်ပဲ သေချာလုပ်ပေးတာမို့ တစ်ဆိုင်ကို ၂ ရက်လောက် ည မအိပ်ဖြစ်ဘူး။ ဆားဗစ် ကြေးကိုလည်း မတောင်းတတ်တော့ ပေးသလောက်ယူခဲ့ကြတယ်။ ပြောရရင် မကိုက်ခဲ့ပါဘူး။ ကိုယ့်အသုံးစရိတ်နဲ့တင် မကာမိခဲ့ဘူး။ ဒါပေမယ့် ဝါသနာ၊ ရူးသွပ်မှုတွေနဲ့ တစိုက်မတ်မတ်လုပ်ခဲ့တယ်။
တချိန်ထဲမှာ Htet Wai Yan Soe က ကျွန်တော့်ကို WordPress ပြောပြပေးသလို ကျွန်တော်လည်း သူ့ကို VPS တွေပေးပြီး သူအရမ်းလုပ်ချင်တဲ့ World of Warcraft Game Server ကို စမ်းဖို့အတွက် အားပေးခဲ့တယ်။ ၂၀၁၀ လောက်ထဲကနေဆိုရင် ကျွန်တော် WordPress နဲ့ Website ပေါင်း အများကြီးလုပ်ခဲ့ဖူးတယ်။ အရမ်းလွယ်တယ် အရမ်းမြန်တယ်။ စာဖတ်နိုင်တဲ့အပြင် ကျွန်တော့် ရုံးတက်ရက်တွေမှာ Plugin တွေ Theme တွေကို ကျွန်တော် တချိန်လုံးထိုင်စမ်းနေလို့ရတယ်။
သိပ်မကြာပါဘူး ဂွိလည်း Unity Online Game ဆိုပြီး World of Warcraft Server ထောင်ဖြစ်သွားသလို Phoenix Game Shop ဆိုတဲ့နာမည်ကနေ Unity Cyber Cafe ဆိုပြီး ပြောင်းသွားတယ်။ ကျွန်တော်ရယ် ဂွိရယ် ဇော်မင်းထွန်းရယ် အဲဒီ ဂိမ်းဆိုင်မှာပဲ အကြာကြီး – တစ်နေ့တစ်နေ့ ဂိမ်းဆော့လိုက်၊ အလုပ်လေးရှိရင် လုပ်လိုက် – သောက်လိုက်စားလိုက်နဲ့ အချိန်တွေကုန်ခဲ့တယ်။ ကြားရက်မှာတော့ ကျွန်တော်က ကျွန်တော့်ရုံးမှာ Self Study တွေ ဆက်တိုက်လုပ်ဖြစ်ခဲ့တယ်။ WordPress/Joomla/Drupal တွေအပြင် တခြား CMS တွေ Web Application တွေလုပ်ဖြစ်တယ်။ Group Office တို့ Feng Office တို့လုပ်ပြီးလည်း တချို့ရုံးတွေမှာ Office Management အနေနဲ့ Groupware တွေ သွင်းပေးတဲ့ Service မျိုးတွေထိ လုပ်နိုင်ခဲ့တယ်။
