Share
November 15, 2025

ရန်နိုင်မြင့်ဆိုတာ (၃)

Technoalnd – Technician (Installation)

ဆယ်တန်း အောင်အောင်ချင်းပဲ Technoland Computer Trading Co., Ltd. မှာ Installation ပိုင်း Assistant Technician အနေနဲ့ စ ပြီး အလုပ်စဝင်ဖြစ်တော့တာပါပဲ။ ပြောရရင် ဆယ်တန်းအောင်ခါစ လောကကြီးထဲမှာ စပြီး လူတကာနဲ့ ထိတွေ့ရတဲ့အခိုက်အတန့်ပေါ့။ Installation ပိုင်းဆိုတာက Technoland မှာ ကွန်ပြူတာ အသစ်တွေဝယ်တဲ့အခါ Customer က ဝယ်တဲ့ Specification အတိုင်း အစိတ်အပိုင်းတွေ တစ်ခုချင်းစီ ဆင်ပေးရပါတယ်။ နောက်ပြီး Customer ပြောတဲ့ Operating System သွင်း Customer လိုချင်တဲ့ Application လေးတွေ သွင်းပေးရတယ်။ Computer နဲ့ သိပ်မစိမ်းတဲ့ ကျွန်တော့်အဖို့တော့ လွယ်ကူတဲ့အလုပ်တစ်ခုပါပဲ။ ပိုကောင်းတာကတော့ နောက်ဆုံးထွက်တဲ့ ကွန်ပြူတာ အစိတ်အပိုင်းတွေကို ကိုယ်တိုင် တပ်ဆင်ခွင့်ရတယ်။ Application Software တွေကို ကိုယ်တိုင် ထည့်သွင်းခွင့်ရသလို စမ်းကြည့် သုံးကြည့်လို့လည်း ရတာပေါ့။ Game တွေတင်ခိုင်းတဲ့ Customer ဆိုရင်တော့ အကြိုက်ပဲလေ ကိုယ်လည်း Install လုပ်ပြီး Run ကြည့် စမ်းကြည့်ရင်းနဲ့ တခါထဲ ဆော့ကြည့်ရင်းပေါ့။ Hardware (A+) အပိုင်းမှာ လက်တွေ့ကြုံတွေ့ရတဲ့ အတွေ့အကြံုတွေကတော့ အများကြီးရလိုက်တယ်။ အဲဒါတွေအပြင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ပုံစံတွေလည်း အတွေ့အကြံုအများကြီး ရတာအမှန်ပဲ။

Technoalnd – Technician (Service)

နောက် တစ်နှစ်နီးပါးလောက်ကြာတော့ (ထင်တယ်) Installation အပိုင်းကနေ Service အပိုင်းကို ဆက်တွဲရတယ်။ Service အပိုင်းကတော့ ဘယ် Computer/Laptop မဆို Error/Fault တွေရှိရင် ပြင်ဆင်ပေးရတဲ့အပိုင်းပေါ့။ Windows Error တွေ Virus ကြောင့်ဖြစ်တာတွေ Hardware Failure ဖြစ်တာတွေ Power Supply Failure ဖြစ်တာတွေ အစုံပဲ။ ပြောရရင် Installation ထက် ပိုပြီး အတွေ့အကြံအများကြီးပိုရတယ်။ Computer တစ်လုံး ပျက်ပြီဆိုရင် ဘယ်ကဘယ်လို စ ကိုင်ရမလဲဆိုတဲ့အတွေ့အကြုံတွေ အများကြီးရတယ်။ မှတ်မှတ်ရရ အဖြစ်အပျက်လေးတွေရှိတယ်။

အမှတ်တရအဖြစ်အပျက် (၁)။ ။ တစ်နေ့မှာ Customer တစ်ယောက် ရောက်လာတယ်။ သူ့စက်က ဘာမှမတက်တော့လို့တဲ့။ ကျွန်တော် စစ်ကြည့်ပေးပါ့မယ် ဆိုပြီး သူ့စက်ကို ကျွန်တော့် စားပွဲပေါ်မှာ တင်တယ်။ အဲ့တော့ Customer က ပြောတယ် Power Supply မှာ အသံထွက်တယ် လောင်လည်း လောင်ထားတယ် ညှော်နံ့လည်း ရထားတယ်တဲ့။ အဲဒါနဲ့ သေချာအောင် ကျွန်တော် နမ်းကြည့်တော့ တကယ်လည်း ညှော်နံ့ရတယ်။ အဲဒါနဲ့ ကျွန်တော့် Senior တွေ သင်ထားပေးတဲ့အတိုင်း အတွင်းထဲက Power ဆက်ကြောင်းတွေ အကုန်ဖြုတ်ပြီး ကျွန်တော့်ရဲ့ ပါဝါကြိုးကိုယူပြီး စက်မှာ ထိုးထဲ့လိုက်တာ။ ဖုန်း ဆိုပြီးပဲ။ ကိုယ်ကိုယ်တိုင်တော့ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိဘူး။ ပြောရရင် မတ်တပ် အနေအထားနဲ့ စားပွဲပေါ်တင်ထားတဲ့ စက်မှာ ပါဝါကြိုးထိုးတာဆိုတော့ Power Supply က ကျွန်တော့် ညာဘက် နားရွက်နားတင်ပဲ။ နားတော့ တော်တော်အူသွားတယ်။ ကံကောင်းတာက အဲ့ထက်ပိုပြီး ဘာမှဆက်မဖြစ်ခဲ့ဘူး။

အမှတ်တရ အဖြစ်အပျက် (၂)။ ။ Video Editing သုံးနေတဲ့ Computer တစ်လုံးပဲ Service လုပ်ချင်လို့ဆိုပြီး ရောက်လာတယ်။ အဲဒါနဲ့ ဘာဆက်လုပ်ချင်လဲဆိုတော့ Hard Drive တွေ ထပ်တပ်ချင်ပါတယ်တဲ့။ အဲဒါနဲ့ အကို Hard Drive တွေ တပ်ချင်သလောက် အရင်ဝယ်လိုက်ပါဆိုတော့ သူသွားဝယ်ပြီး ကျွန်တော့်ကို လာပေးတယ်။ အဲဒါနဲ့ Hard Drive တွေကို Computer ထဲမှာ မူလီတွေနဲ့ စုပ်ပြီး တပ်တာပေါ့။ တပ်လည်းပြီးရော ကြည့်လိုက်တော့ Power Supply ရဲ့ Molex Power Connector တွေက Hard Drive အားလုံးကို တပ်ဖို့ မလောက်ဘူး။ အဲဒါနဲ့ အကို Sales မှာ Power Splitter သွားဝယ်ပါ ဆိုတော့ သူ သွားဝယ်ပြီး လာပေးတယ်။ Molex တစ်ခုကနေ နောက်ထပ် ၃ ခု ထပ်ပွားတဲ့ ဟာလေးပေါ့။ ကိုင်ကြည့်ထဲက ဝါယာကြိုးလေးတွေက အတော်လေး သေးနေတယ်။ ဒါပေမယ့် တခြားမှမရှိတာပဲ ဆိုပြီး တပ်လိုက်တယ်။ စက်ကိုလည်း ပါဝါဖွင့်ရော — အဲဒီ Splitter ရဲ့ ဝါယာကြိုးတွေ အရေပါ ပျော်ကျတာပဲ။ ဝါယာကြိုးက သေးတော့ Hard Drive က စွဲတဲ့ Amp ကို မနိုင်ဘူးလေ။

Service ပိုင်းကို တွဲပေးပြီး သိပ်မကြာခင်မှာပဲ Technoland Company ရဲ့ သူဌေး ကိုမိုးက ကျွန်တော့်ကို Hardware (A+) တက်ပါဆိုပြီး သင်တန်းထားပေးပါတယ်။ အဲဒီသင်တန်းက ကျွန်တော် ပြောနေကျ CompuTech ဆိုတဲ့ သင်တန်းကျောင်းမှာပါ။ ဆရာ ဦး Ye Kyaw Thein သင်ပါတယ်။ မနက်အရမ်းအစောပိုင်းပဲ။ မနက် အစောကြီး သင်တန်းသွားတက် ပြီးရင် ရုံးသွားတက်ရတယ်။ ၄၉ လမ်းနဲ့ ဘားလမ်းဆိုတော့ လမ်းလျှောက်တာနဲ့တင် ရတယ်။ CompTIA (A+) စာအုပ်ကြီးနဲ့သင်တာဆိုတော့ A+ တန်းကို (၈) လ လောက်တက်လိုက်ရတယ်။ CompTIA(A+) ဆိုတော့ ကျွန်တော် လက်တွေ့ သိထားတာတွေကို စာတွေ့နဲ့ ဖြည့်ပေးလိုက်သလိုပဲ။

CompuTech က CompTIA (A+) သင်တန်းမှာ သူငယ်ချင်း ဆိုးဖေါ်ဆိုးဖက် ၃ ယောက်ရတယ်။ ကိုတင်ထွန်းနိုင် နဲ့ စိုးနိုင်ထွန်း လို့ခေါ်တယ်။ သင်တန်းမှာ ကျွန်တော်တို့ ၃ ယောက်က တပူးပူးတတွဲတွဲပဲ။ ဆရာက စာမေးတိုင်းနီးပါးလည်း ရကြတယ်။ ဒါပေမယ့် ဆိုးလည်း ဆိုးကြတယ်။ Hardware တန်းလို့သာပြောတာ မိန်းကလေး ၆ ယောက်လောက်ပါတယ်။ ခုထိ မေ့လို့မရတဲ့ သင်တန်းက အဖြစ်အပျက်လေးတွေဆိုရင်တော့ ဆရာက သင်တန်းသူကို လှမ်းမေးတယ် “Command Line ကိုတွေ့လား”။ သင်တန်းသူက တိုင်ပတ်နေတယ် သူ ရှာမတွေ့ဘူး။ အဲဒါနဲ့ ဆရာက ထပ်ပြောတယ်။ “အောက်နားလေးမှာလေ” ဆိုတော့ အဲ့သင်တန်းသူက Monitor တင်ထားတဲ့ စားပွဲခုံရဲ့ အောက်ကို ငုံ့ကြည့်တယ်။ အဲဒီအချိန်မှာ ကိုယ်တွေ ၃ ယောက်က တော်တော် ခွီနေပြီ။ “တွေ့လား” ဆရာက ထပ်မေးတယ်။ “မတွေ့ဘူးဆရာ” ဆိုတော့ ဆရာကထပ်ပြောတယ် “အဲ့အောက်က မဲမဲလေးလေ” ဆိုတော့ ကိုယ်တွေ မနေနိုင်တော့ဘူး ခွက်ထိုးခွက်လှန် ရယ်တာပဲ။ နောက် အမှတ်ရစရာတစ်ခုကတော့ Microsoft Windows ရဲ့ MMS Console ကို ဆရာက သင်နေတယ်။ ဆရာကသာ သင်နေတာ ကိုယ်တွေက အဲဒါဖွင့်ပြီး ကလိတာ ကလိတာ တခြား သင်တန်းသား သင်တန်းသူတွေရဲ့ Windows ကိုပါ ကိုယ်တွေ ၃ ယောက်က MMS နဲ့ လှမ်းချိတ်ပြီး Shutdown တွေချနေပြီ။ ခဏခဏ Shutdown တွေကျတော့ ဆရာဦးရဲကျော်သိန်းက သိတယ် ဒီ ၃ ကောင်ပဲ ကမြင်းနေတာဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ ထိုင်ခုံနောက်ကိုလာပြီး ပြောသွားတယ် “ဟေ့ကောင်တွေ ဟေ့ကောင်တွေ” ဆိုတော့မှ ကိုယ်တွေလည်း သွားဖြဲလေးတွေနဲ့ ဟီးဟီး ပေါ့။ 😛

Technoland မှာ အဲဒီအချိန်တုန်းက စိတ်ဝင်စားစရာ အကျင့်တစ်ခု Technician တွေကြားမှာ ကြုံဖူးခဲ့တယ်။ အဲဒါကတော့ မီးပျက်လို့ လုပ်စရာမရှိတဲ့အချိန်မှာ အားလုံးဝိုင်းဖွဲ့ပြီး နည်းပညာအကြောင်းတွေ ထိုင်ဆွေးနွေးကြတာပဲ။ အတော်လေးလည်းသဘောကျတယ်။ တစ်ယောက်နဲ့တစ်ယောက် ကိုယ်သိတာကို ပညာစမ်းရင်းနဲ့ ပညာဖလှယ်ကြတယ်။ ပြီးရင် ညနေဆိုရင် အားလုံးအတူတူ ရုံးက ဝယ်ကျွေးတဲ့မုန့်စား ကြတယ်။ လက်ဘက်ရည်ဆိုင် အတူတူထိုင်ကြတယ်။ တစ်နေ့လုံး ပင်ပန်းခဲ့သမျှ လုံးဝ အမောပြေသွားတဲ့ အခိုက်အတန့်လေးတွေမို့ ပျော်ဖို့အရမ်းကောင်းခဲ့ပါတယ်။ နှစ်စဉ်လည်း ရုံးကလူတွေနဲ့အတူတူ အလည်အပတ် ခရီးတွေ ထွက်ရတယ်။

Technoland - Chaung Tha (Hotel MAX)
Technoland – Chaung Tha (Hotel MAX)

Technoland မှာ လုပ်နေသမျှကာလပတ်လုံးမှာ Hardware နဲ့ Service အတွေ့အကြုံတွေအပြင် တခြားပြင်ပ ဗဟုသုတ နဲ့ လူမှုဆက်ဆံရေးတွေနဲ့ပတ်သက်တဲ့ အတွေ့အကြံုနဲ့ ပညာတွေဟာ ရမှန်းမသိရနေခဲ့တာ ကျွန်တော် အဲ့မှာ အလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်ခုလုံးပါပဲ။ Computer Service ပိုင်းဆိုရင် Anti-Virus မလိုပဲ Manual Virus သတ်နိုင်တဲ့အထိ ရခဲ့သလို ကိုနိုင်ထက်စိုးရီ ရှင်းပြမှုနဲ့ Pixel Shader/Vertex Shader/Shader Model တွေ DirectX နဲ့ပတ်သက်တာ SLi/Cross Fire နဲ့ပတ်သက်တာတွေ Graphic ပိုင်းတွေ အများကြီးသိခဲ့ရတယ်။ Technoland သူဌေး ကိုမိုး နဲ့တကွ မမီးကြီး၊ ကျွန်တော့် Senior တွေဖြစ်တဲ့ ဦးသိန်းဌေး၊ ကိုမင်းညို၊ ကိုစိုင်း၊ ကိုနိုင်ထက်စိုးရီ၊ ကိုရဲခေါင်၊ ကိုသိန်းထိုက်စိုး၊ ကိုသော်ဇင်ဟိန်း၊ ကိုသိန်းနိုင်၊ ကိုမင်းသူ၊ ကိုမူးလာထူး၊ ကိုအယ်ထီးကော်၊ ကိုသီဟန်စိုး တို့အပြင် အတူတူတွဲလုပ်ခဲ့ကြတဲ့ ကိုမျိုးကြည်၊ ကိုဟန်မျိုးထွန်း၊ ကိုဒိုင်းမွန်း၊ ကို Jack Sparrow (နာမည်ရင်းမေ့ပြီ :P) နဲ့ အခြားသောအတူတူတွဲလုပ်ခဲ့တဲ့သူတွေအားလုံးအပြင် Sales မှာ ညီအစ်ကိုမောင်နှမတွေအားလုံးဟာ ကျွန်တော့ရဲ့ အခြေခံအသိပညာအတတ်ပညာတွေဖြစ်လာဖို့အတွက် တစ်နည်းမဟုတ်တစ်နည်း နဲ့ အထောက်အကူဖြစ်စေခဲ့တဲ့ ကျေးဇူးရှင်တွေပါပဲ။ အဲဒီလို ပတ်ဝန်းကျင် ကောင်းထဲကို ရောက်ခဲ့ရလို့ လမ်းမှားမရောက်ပဲ ဘဝအတွက် ပညာတွေ အများကြီးရခဲ့ရတာပါ။ နောက်ပြီး Hardware တန်းတက်ပြီး CompuTech မှာပဲ ထပ်တက်ဖြစ်တဲ့ CompTIA (Network+) ကို ထားပေးတဲ့ Komatsu က ဦးစိန်လင်း ကိုလည်း ကျေးဇူးတင်ပါတယ်။

E-Major at Dagon University

တစ်ဘက်မှာလည်း Dagon တက္ကသိုလ် English Major နဲ့ ဘွဲ့ရဖို့လည်း တစ်နှစ်မှာ တစ်ခါတော့ ကြိုးစားရတယ်။ တက္ကသိုလ် အနီးကပ် ၁၀ ရက် တက်ရတာလည်း အလုပ်တစ်ခုပါပဲ။ အနီးကပ် ၁၀ ရက်မှာ ၇ ရက်လောက်တက်ဖြစ်တယ်။ ၃ ရက်ကတော့ ဝေလေလေ လျှောက်သွားတာပဲ။ တက်ခဲ့တဲ့ အနီးကပ် အပြင်တန်းကတော့ ဆိပ်ကမ်းသာလမ်းထဲက ဆရာ Jeffory အတန်းမှာပဲ။ ဆရာဂျက် လို့ခေါ်ကြတယ်။ Dagon တက္ကသိုလ်ရဲ့ English Major တွေကို ပုဆိုးဝတ်ခိုင်းလို့ ကိုယ်လည်း အရွဲ့တိုက်မယ်ဟဲ့ဆိုပြီး ပုဆိုးနဲ့ တိုက်ပုံ ကျကျနန ဝတ်သွားတယ်။ ထမင်းစားချိန် Canteen ရောက်တော့ ကိုယ့်ထက်ဆိုးတဲ့ကောင်နဲ့တွေ့ကော။ တောင်ရှည်ပုဆိုး ခေါင်းပေါင်းနဲ့ ဆေးတံနဲ့။ xD ဒါလည်း တက္ကသိုလ်တက်တဲ့ အတွေ့အကြုံတွေထဲကတစ်ခုပဲ။ “မအောင်မရှိ ငါ့တပည့်” ကာလမှာ ချောချောချူချူပဲ တက္ကသိုလ် နောက်ဆုံးနှစ် အောင်လာခဲ့ပါတယ်။ ဘွဲ့တော့ Convocation Hall မှာ တက်မယူဖြစ်ပါဘူး။ အဝေးရောက်နဲ့ပဲ ဘွဲ့ယူခဲ့တယ်။ လူရှုပ်ရှုပ် ဝတ်ရုံကြီးတကားကားနဲ့ သွားလည်း မယူချင်သလို အဲဒါအတွက် အချိန် ၂ ရက်ကိုလည်း မပေးချင်ဘူးလေ။

မြန်မာနိုင်ငံတွင်း နည်းပညာပိုင်းအခြေအနေ နဲ့ကျွန်တော် (လက်လှမ်းမှီသလောက်)

(ကာလအားဖြင့် ၂၀၀၆ -> ၂၀၀၉ ) အဲဒီအချိန်မှာ Mobile Phone ဆိုတာ တကယ့်သူဌေးတွေမှကိုင်နိုင်တာ။ နံပါတ်တစ်ခုကို သိန်း ၂၀ လောက်ပေးရတာ။ Mobile Internet ဆိုတာ မပေါ်သေး အဝေးကြီးလိုသေးတယ်။ ဖုန်းတွေကလည်း Touch တွေမရှိသေး အကုန် Keypad လေးတွေနဲ့။ Motorolla လေးတွေကိုင်တဲ့လူကကိုင်သလို တခြား ဘာ Brand မှန်းမသိတာလေးတွေကိုင်ကြတယ်။ ကျွန်တော့်အဖို့တော့ အိမ်မှာ Dial-Up နဲ့ 56K Modem နဲ့ Internet သုံးတယ်။ ရုံး (Technoalnd) မှာတော့ ရုံးကလျှောက်ထားတဲ့ ADSL Line နဲ့ Internet သုံးဖြစ်တယ်။ အဲဒီအချိန် ခေတ်စားနေတဲ့ Social Network တွေဆိုရင် Hi5 တို့ Zopia တို့ Friendster တို့ပေါ့။ ကျွန်တော် Technoland မှာ အလုပ်လုပ်ရင်းနဲ့ Gmail သုံးနေပြီ။ ဒါပေမယ့် သိကြတဲ့အတိုင်း “ACCESS DENIED” တွေကို https နဲ့ကျော် – တချို့ Website တွေကိုဆိုရင် Your Freedom တို့ Ultrasurf တို့နဲ့ ကျော်သုံးနေရတဲ့ခေတ်ပေါ့။ Linux ဆိုတာတော့ ရုံးက ကိုနိုင်ထက်စိုးရီ သင်တန်းတက်တော့ သူပြောပြောနေတာတွေ ကြားမိတော့ ကြားသလောက်အပြင် မပိုဘူး။ ဘယ်ဘက်နားကဝင်ရင် ညာဘက်နားက ပြန်ထွက်သွားတာပဲ သုံးရကောင်းမှန်း လေ့လာရကောင်းမှန်းလည်းမသိဘူး။ အဲဒီအချိန်က Internet သုံးတယ်ဆိုတာ Email စစ်ဖို့နဲ့ Zopia/Friendster သုံးဖို့ပါပဲ။ နောက်ပြီး Gtalk ပေါ့။

နောက်သိပ်မကြာဘူး Ning Site တွေပေါ်လာတယ်။ ကိုယ်ပိုင် Social Network ကို သူတို့ဆီမှာ သွားဆောက်လို့ရတယ်။ အဲဒီအချိန်က Ning Site တွေဆောက်တာ Free ဆောက်လို့ရတော့ မြန်မာတွေလည်းဆောက်ကြတယ်။ ချောကလက် မြို့တော်တို့ Network ပိုင်း Network (နာမည်မေ့) တွေကော အမျိုးမျိုးပဲ။ အဲဒီထဲတော့ ဝင်ထားတယ် ဒါပေမယ့် မယ်မယ်ရရ အဲ့ထဲမှာ မလေ့လာဖြစ်ဘူး။ ထူးဆန်းတာက Mysteryzillion ကို လုံးဝမကြားဖူးခဲ့သလို သုံးလည်းမသုံးဖူးခဲ့တာ ခုထိပဲ။ နောက်ထပ် Internet အသုံးပြုရတဲ့အကြောင်းအရင်းက Software တွေရှာဖို့ပါပဲ။ Crack ပေးတဲ့ Site တွေမှာ Software တွေ တက်ရှာတယ်၊ Game တွေတက်ရှာတယ်။ Download စွဲတယ်။ အခြေအနေမကြည့်ပဲ Download စွဲမိလို့ အတူတူသုံးနေတဲ့လူ လိုင်းကျရင် ဗလိုင်းကြီးအဆဲခံရတယ်။ xD Technoland က မထွက်ခင်ရက်ပိုင်းထဲမှာ IRC တော့သုံးဖြစ်တယ်။ ဒါပေမယ့် #ygnchat ပေါ့ အဲဒီထဲမှာပဲ တဝဲလည်လည် ဘာမှတော့မဟုတ်ဘူး ဝင်ကြည့်တယ် စကားပြောကြည့်ကြတယ်ပေါ့။

စာလည်းအတော်ရှည်သွားပြီ။ ဆက်ရေးပါဦးမယ်။ 😀