ရန်နိုင်မြင့်ဆိုတာ (၁)
ကျွန်တော့်ကို ဖေဖေါ်ဝါရီလ (၈) ရက်နေ့ ၁၉၈၉ ခုနှစ်မှာ မိတ္ထီလာမှာ မွေးဖွားခဲ့ပါတယ်။ သိပ်မကြာခင် နှစ်အတွင်းမှာပဲ ရန်ကုန်ကို ငယ်ငယ်လေးနဲ့ပြောင်းရွှေ့ခဲ့ရတယ်။ မူကြိုဆိုတာ မတက်ခဲ့ပါဘူး။ မင်္ဂလာဒုံမြို့နယ် ကြံခင်းစု ရပ်ကွက်ထဲက အမက (၂၂) ကျောင်းမှာ သူငယ်တန်းက စ ပြီး တက်ရောက်ခဲ့တယ်။ မေမေနဲ့ ဖေဖေရဲ့ ဂရုစိုက်မှုကြောင့် ငယ်စဉ်ဘဝကနေ ခုချိန်ထိ အစစအရာရာ အဆင်ပြေ ပျော်ရွှင်ခဲ့ပါတယ်။
ခုနှစ်အားဖြင့် ၁၉၉၈ ခုနှစ် – ကျွန်တော့်အသက် ၉ နှစ် – တတိယတန်းအပြီး စတုတ္ထတန်းတက်ဖို့ စောင့်ဆိုင်းနေတဲ့ နွေရာသီ ကျောင်းပိတ်ရက် အတွင်း ဝန်းကျင် နေ့ရက်တစ်ခုမှာ Computer တစ်လုံး အိမ်က ဝယ်ပေးတယ်။ “Compaq” တံဆိပ်နဲ့ 66MHz Intel i486DX လေးပါ။ Windows 95 လေးနဲ့ပေါ့။ (အောက်က ပုံထဲကအတိုင်းပါပဲ)။ ဖေဖေက ကျွန်တော့်ကို Game တွေ ဆော့စေတယ်။ ကျွန်တော် ၃ တန်းအောင် ၄ တန်းရောက်ခါစလေးဆိုတော့ အထူးအဆန်းဖြစ်နေတာအမှန်ပါပဲ။ Game တွေ သွင်းထားပေးတယ်။ အားရပါးရဆော့ရုံပါပဲ။ မေမေကတော့ မျက်လုံးပျက်မယ် ဆိုပြီး တော်ရုံဆော့ဖို့ သတိပေးတယ်။ ဒါပေမယ့် ဖေဖေကတော့ ဘာမှမပြောဘူး ဒါပေမယ့် အိပ်ချိန်တန်ရင်အိပ်ဖို့တော့ ပြောတယ်။

ဒီ Computer လေးပေါ်မှာ အစုံပါပဲ ကိုယ်စိတ်ဝင်စားတဲ့ Game တွေဆော့လို့ရခဲ့တယ်။ အဲဒီတုန်းက သဲကြီးမဲကြီး ဆော့ခဲ့တဲ့ Game တွေဆိုရင် F-15 Strike Eagle တို့ Comanche 3 တို့လို လေယာဉ်မောင်းတဲ့ Game တွေ ဆော့ခဲ့တာပါ။ တခြား Game တွေ စိတ်မဝင်စားခဲ့ဘူး။ ဒါပေမယ့် Mid Town ဆိုတဲ့ Game လေးတော့ စိတ်ဝင်စားပေမယ့် စက်ကမနိုင်လို့ အားလျှော့ခဲ့ရတယ်။
ဖေဖေ သွင်းပေးတဲ့ အမှတ်ရစရာ နောက်ထပ် Software ကတော့ “The Magic School Bus” ဆိုတာလို့ထင်တယ် (ပြန်ရှာတာမတွေ့တော့ပဲ အနီးစပ်ဆုံးပုံတွေတွေ့တာ)။ သူက ကလေးတွေအတွက် အဓိက ထုတ်ပေးတဲ့ ဗဟုသုတရစရာတွေများတဲ့ Encyclopedia Series တွေပေါ့။ အဲဒီထဲက ကျွန်တော့်ကိုသွင်းပေးတာက Space Adventure ပိုင်းသွင်းပေးတာ။ ကလေးတွေအတွက် အဓိက ထုတ်ပေးတာဆိုတော့ ကာတွန်းရုပ်ကလေးတွေ ဂိမ်းလေးတွေနဲ့ပါပဲ။ အဲဒီထဲမှာ ပျော်ခဲ့တဲ့နေ့ရက်တွေလည်း အများကြီးပဲ။
ဒီနေရာမှာ ဖေဖေ နဲ့ မေမေရဲ့ စီစဉ်မှုတွေနဲ့ ကျွန်တော် ရမှန်းမသိရခဲ့တာတွေ ဒုနဲ့ ဒေး ရှိတယ်။ Game တွေ ဆော့စေတဲ့ အကျိုးတွေဖြစ်တဲ့ English Skill တွေကော Decision Making ပိုင်းတွေကော Strategy ပိုင်းတွေကော လေယာဉ်ပျံတွေနဲ့ လက်နက်ပစ္စည်းပိုင်းတွေကော အပြင် အခြား ဗဟုသုတတွေ အများကြီးရခဲ့တယ်။
ကျွန်တော် ၅ တန်း ၆ တန်း အရွယ်ရောက်တော့ အဲ့ အချိန်အခါတုန်းက MICT Park နှစ်ပတ်လည် ပွဲတွေ ရှိခဲ့တယ်။ ကျွန်တော် သွားခဲ့တာပေါ့။ တခြားဘာလုပ်ဖို့မှမဟုတ်ဘူး အဲဒီမှာ လာရောက်ဆိုင်ခန်းဖွင့်တဲ့ National CD ဆိုတဲ့ဆိုင်မှာ ဂိမ်းသွားငမ်းဖို့ပါပဲ။ CD ရောင်းတဲ့ဆိုင်တွေမှာ အကြာကြီးပဲ အစအဆုံးလျှောက်ကြည့်ပြီး လိုချင်တဲ့ ဂိမ်းတွေ ရွေးရတာ အမောပါပဲ။ ဒါပေမယ့် ကျွန်တော့် Computer နဲ့ကျတော့ မနိုင်တဲ့ Game က ခပ်များများလေ။
သိပ်မကြာပါဘူး ဖေဖေက Pentium 3 စက်တစ်လုံးဆင်ပေးတယ်။ အပျော်ဆုံးအချိန်တွေထဲက တစ်ခုပဲ။ အဓိက ပျော်ရတဲ့အကြောင်းကတော့ ဂိမ်းတွေ အများကြီးပိုဆော့လို့ရမယ် ပိုကောင်းတဲ့ ဂိမ်းတွေ ဆော့လို့ရမယ်ဆိုတာကြောင့်ပါပဲ။ တကယ်လည်း 3D Game တွေကို ဆော့ခွင့်ရခဲ့တယ်။ Jane’s USAF ဆိုတာ ကျွန်တော့် အသဲစွဲ ဆော့ခဲ့တဲ့ Game ပါပဲ။ နောက်ပြီး ကျွန်တော် ဆော့ချင်ခဲ့တဲ့ Mid Town ဆိုတဲ့ ကားမောင်းတဲ့ ဂိမ်းလည်း ဆော့ခဲ့ရတယ်။
ဒါပေမယ့် ဒီနေရာမှာ နည်းနည်းအပြောင်းအလဲဖြစ်ခဲ့တယ်။ ဖေဖေက Modem တစ်ခုဝယ်လာတယ် (အဲဒီအချိန်က Modem မှန်းမသိခဲ့ပါ)။ နောက်ပြီး ဘာတွေလုပ်လဲမသိလုပ်တော့လုပ်တယ်။ နောက်တော့ အသံတွေထွက်တယ်။ နောက်တော့ တစ်သက်နဲ့တစ်ကိုယ် မြင်ရပြီး တစ်ခါမှ မသုံးဖူးတဲ့ Software တစ်ခုကို ဖွင့်တယ်။ အဲဒီ Software က Internet Explorer လေးပါ။ အဲဒီပေါ်မှာ မမြင်ဖူးတဲ့စာတွေရိုက်တယ် (DNS Name တွေပေါ့ www ဘာညာကွိကွ)။ ကျွန်တော် ဘေးကနေ စိတ်ဝင်တစား အကြာကြီးထိုင်ကြည့်ခဲ့တယ် ဘာတွေလုပ်နေတာလဲပေါ့။
သိပ်မကြာဘူး ကျွန်တော့်အတွက် စိတ်ဝင်စားစရာတစ်ခု သွားတွေ့တယ်။ အဲဒါက YGN Chat Room လေးပါ။ ခရမ်းရောင် နောက်ခံလေးနဲ့။ IRC Chat Room မဟုတ်သေးပါဘူး။ ရိုးရိုးတန်းတန်း Web Chat လေး။ မှတ်မိသလောက် Yangon City Website က လုပ်တာဆိုလားပဲ။ အဲဒီထဲမှာ နေရာတကာကလူတွေနဲ့ချိတ်ဆက်မိတယ်။ ကျွန်တော် အရမ်းအံ့အားသင့်ခဲ့ရတာလေးပေါ့။ လူတွေ အထဲမှာ စာတွေရေးပြီး စကားတွေပြောနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်တယ်။ စ တယ် နောက်တယ်။ ဆွေးနွေးတယ်။ အစုံပါပဲ။
တစ်နေ့ ဖေဖေရုံးသွားတော့ အိမ်မှာ မေမေက ခြံထဲဆင်းနေတယ် ကျွန်တော်တစ်ယောက်ထဲ အိမ်ပေါ်မှာ။ အဲဒါနဲ့ ဟိုတစ်နေ့က ဖေဖေလုပ်သလိုလိုက်လုပ်ကြည့်မယ်ဆိုပြီး အိမ်က ကြိုးဖုန်းကို Modem ထဲ ထိုးထည့်ပြီး ဖေဖေလုပ်တဲ့အတိုင်း ခလုတ်တွေ လိုက်နှိပ်တယ်။ ကံကောင်းစွာပဲ ချိတ်မိပြီး အဲဒီ Chat Room ထဲကို ဝင်သွားနိုင်ခဲ့တယ်။ ခြေတွေလက်တွေပါအေးပြီး အရမ်းစိတ်လှုပ်ရှားဖို့ကောင်းခဲ့တာ မှတ်မှတ်ရရပါပဲ။ အဲဒီနေ့က ဖေဖေ ရုံးကနေ အိမ်ကို ဖုန်းအကြာကြီးခေါ်လို့မရလို့ ကျွန်တော် ဆော်ပလော်တီးခံရတယ်။ 😛
ဆက်ရေးပါဦးမယ်
