Share
August 2, 2025

“အလုပ်ရှုပ်ခြင်း” နှင့် “အချိန်မပေးနိုင်ခြင်း”

ကျွန်တော်ဟာ ဟိုးငယ်ငယ်ထဲက တစ်ခုမဟုတ်တစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့သူပါ။ ဆော့တတ်တဲ့ ကစားတတ်တဲ့အရွယ်ထဲကလည်း တစ်ခုမဟုတ်တစ်ခုနဲ့ ဆော့လိုက် ကစားလိုက် နေနေတတ်တဲ့သူပါ။ ဒီတိုင်းထိုင်ပြီး ဇိမ်ခံနေတာမျိုး၊ ပျင်းပြီး လုပ်ချင်ကိုင်ချင်စိတ် ပျောက်ဆုံးနေတာမျိုးဆိုတာ တကယ်ကို ရှားပါးတဲ့ အချိန်တွေပါပဲ။

နည်းပညာသမားဖြစ်တာမို့ စတင်ခဲ့တဲ့အချိန်တွေမှာ လုပ်ချင်တာလေးတွေ စဉ်းစားလိုက်၊ စာတွေဖတ်လိုက်၊ လက်တွေ့ (Lab) စမ်းလိုက်၊ Error တက်တာလေးတွေကို အသေးစိတ် လိုက်ဖတ်လိုက်၊ Lab ပြန်စမ်းလိုက်နဲ့ – Server သော်လည်းကောင်း App တစ်ခုခုသော်လည်းကောင်း အောင်အောင်မြင်မြင်နဲ့ Deploy ပြီးသွားတယ်ဆိုရင်လည်း ဒီတစ်ခုကို ဘယ်တစ်ခုနဲ့ချိတ်ဆက်လို့ရမလဲ၊ ဒါဆို ဘယ်လိုမျိုး Configuration လုပ်ပေးရမလဲ၊ ဘယ်နေရာမှာ Error ရှိနိုင်မလဲ၊ ဘယ်အပိုင်းကိုတော့ ငါမသိသေးဘူးလဲ ဆိုတာတွေ Analyze လုပ်ပြီး စိတ်ထဲ ပေါ်လာတဲ့ဟာကို Lab ပြန်စမ်း၊ စာတွေပြန်ဖတ်နဲ့ တနေ့တနေ့ လည်ပတ်လာခဲ့ပါတယ်။ ဘယ်လောက်တောင် အာရုံစိုက်ခဲ့သလဲဆိုရင် နေ့မအိပ် ည မအိပ် စားချိန်မမှန် အိပ်ချိန်မမှန်၊ အများဆုံးဆို ၃ ရက် ဆက်တိုက် မအိပ်ပဲ မနားမနေ လေ့လာခဲ့တဲ့ထိပါပဲ။ အိပ်တဲ့နေ့ဆိုရင်လည်း ကိုယ်လုပ်နေတာတွေ အိပ်မက်မက်တယ် – အိပ်မက်ထဲမှာလည်း လုပ်နေတုန်းပါပဲ။ အိပ်ချိန်ဆိုတာ လုံးဝ Dynamic ဖြစ်နေခဲ့တယ်။

စမ်းသပ်ရုံမဟုတ်တော့ပဲ Customer တွေရဲ့ လိုအပ်ချက်တွေကို တာဝန်ယူ၊ တာဝန်ခံပြီး ဝန်ဆောင်မှုတွေ ပေးတဲ့အချိန်ရောက်ပြန်တော့လည်း အသစ် Deployment တွေ လုပ်ရ၊ Solution တွေထုတ်ရ၊ Diagram တွေဆွဲရ၊ Error တွေရှိလာတဲ့ခါ Troubleshooting တွေလုပ်ရ၊ Regular Maintenance တွေလုပ်ပေးရ၊ Professional Report တွေ လုပ်ပေးရ၊ အဲဒါတွေအတွက် Deep Analysis တွေလုပ်ပေးရနဲ့ အတော်လေး အလုပ်ရှုပ်ပါတယ်။ အားတဲ့ချိန်ဆို Lab ပြန်လုပ်တယ် စာဖတ်တယ် ဆိုတော့ ကျွန်တော့်ရဲ့ Daily Routine က ကိုယ့် နည်းပညာကိစ္စတွေနဲ့ကိုယ် ပြည့်နေခဲ့တယ်။ ဘယ်လောက်ထိလဲဆိုရင် ကျွန်တော့်မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို လူနားမလည်တဲ့ ဂြိလ်သားစကားတွေပြောတဲ့ စက်ရုပ်ကြီးဆို ခေါ်ခံရတဲ့ထိပါပဲ။ ဒီအထိ ကျွန်တော့်အတွက် ပြဿနာရယ်လို့မရှိခဲ့ပါဘူး။ ဒါပေမယ့် –

ချစ်သူ ရည်းစားဆိုတာ ရှိလာတော့ မောင်ရန်နိုင်မြင့်တစ်ယောက် ပြဿနာ အကြီးအကျယ်တက်ပါတော့တယ်။ ချိန်းတွေ့ဖို့ရှိလာတဲ့ခါ အိပ်ချိန်မမှန်တာက တစ်ကြောင်း ကိုယ် အရမ်းစိတ်ပါဝင်စားတဲ့ အလုပ်က လုပ်စရာကျန်တာတွေ၊ စမ်းလက်စ Lab တွေမှာ ဆက်လုပ်စရာရှိတာတွေ တို့လို့တန်းလန်းတွေနဲ့ ချိန်းတဲ့နေရာကို မသွားချင်လည်းသွား သွားချင်လည်းသွားပေါ့လေ (တဘက်က စိတ်ကလည်း တွေ့ချင်တာကိုး)။ အဲ့လိုနဲ့ အိပ်ရေးမဝ စိတ်ကမကြည်၊ မကြည်တဲ့စိတ်ကို ကြည်အောင် ဟန်ဆောင်၊ တကယ်မကြည်တော့ ကွကိုယ်တိုင်ပတ် အာရုံတွေက များလာ စသည်ဖြင့် စသည်ဖြင့် အဆင်မပြေတာတွေ ကြုံလာရပါများတော့ အဖုအထစ်တွေနဲ့ ဆုံးဖြတ်ချက်တွေလွဲ၊ တခါတလေကျ လွဲနေမှန်းသိသိကြီးနဲ့ ဖြစ်နေတဲ့ စိတ်အခြေအနေအရ အဲ့အလွဲကြီးကိုပဲ လိုချင်လို့ ဆုံးဖြတ်ချက်ချလိုက်ရ – စတာမျိုးတွေ ကြုံတွေ့ခဲ့ရတယ်။

တကယ်တော့ ကျွန်တော်မှားခဲ့တာပါ။

အရင်က “အလုပ်ရှုပ်ခြင်း” နဲ့ “အချိန်မပေးနိုင်ခြင်း” ကို ကောင်းကောင်း နားမလည်ခဲ့မိဘူး။ အခု ကျွန်တော် နားလည်မိတဲ့ အဲဒီ ၂ ခုရဲ့ ကွဲလွဲချက်တွေကို ချစ်သူရည်းစားဆိုတာနဲ့ တွဲဖက်ပြီး ဖေါ်ပြပေးပါမယ်။

“အလုပ်ရှုပ်ခြင်း” ဆိုတာက ကိစ္စတစ်ခုပြီးမြောက်ဖို့ကို အများကြီးအာရုံစိုက်ပြီး အချိန်မှီပြီးအောင်၊ တိကျသေချာမှုရှိအောင်၊ လွဲချောမှု တစုံတရာမရှိအောင်၊ အဆင်ပြေချောမွေ့မှုရှိအောင်၊ ရေရှည် တည်တန့်ခိုင်မြဲအောင် စသည်ဖြင့် အားထုတ်နေတဲ့အချိန်မျိုး လို့ ယူဆကြပါစို့။ အလုပ်ရှုပ်နေတဲ့အချိန်မှာ ကိုယ့်ချစ်သူကို အချိန်မပေးနိုင်ဘူးလို့ ကျွန်တော် လွဲမှားစွာပဲ တွေးခဲ့ဖူးတယ် ခံယူခဲ့ဖူးပါတယ်။

ဒါပေမယ့်… အလုပ်ရှုပ်နေတဲ့အချိန်မှာ အကြောဆန့်တဲ့အချိန်တွေ၊ ရေလေးတစ်ငုံသောက်တဲ့အချိန်တွေ၊ Stress ပိလို့ ဆေးလိပ်လေးထွက်သောက်တဲ့အချိန်တွေ၊ အိမ်သာလေး ခဏ သွားတဲ့အချိန်တွေ၊ ဇက်ကြော ချိုးတဲ့အချိန်လေးတွေ ဒါမှမဟုတ် အလုပ်ထဲက ကိစ္စတစ်ခုပြီးသွားလို့ ခဏ Relax လုပ်တဲ့အချိန်လေးတွေရှိပါတယ်။ အဲဒီအချိန်လေးတွေမှာ ကိုယ်ချစ်ရတဲ့သူကို သတိရကြောင်း၊ အလုပ်တွေလုပ်နေကြောင်း မပြီးသေးကြောင်း၊ သူတနေရာရာရောက်နေရင်လည်း ဂရုတစိုက် မှာတာမျိုးတွေ၊ သူအခက်အခဲတစ်ခုခုပြောပြရင်လည်း အချိန်မပေးရတဲ့ကိစ္စမျိုးဆို စကားအရာနဲ့တခုခုပြန်ပြောတာမျိုးတွေ၊ အချိန်ပေးရမယ့်ကိစ္စဆိုလည်း ခုတော့ မအားသေးဘူးနော် ပြီးရင် ဖြေရှင်းပေးမယ်ဆိုတာမျိုးတွေ၊ စသည်ဖြင့် စသည်ဖြင့် စာလေးတစ်ကြောင်း ပို့ဖို့ တကယ်ဆို စက္ကန့်ပိုင်းလေးလောက် အချိန်ပေး လို့ ရပါတယ်။ ကိုယ်ချစ်ရတဲ့သူအတွက် မအားတဲ့ကြားက အဲ့လောက်လေး အချိန်ပေးဖို့လည်း ထိုက်တန်တယ်မဟုတ်ပါလား။

“အချိန်မပေးနိုင်ခြင်း” ဆိုတာကတော့ အလုပ်ရှုပ်တာမရှုပ်တာ ခဏဘေးဖယ်။ ကွကိုယ် အေးအေးဆေးဆေးသာသာယာယာလေး ဘီယာသောက်နေချိန်မှာတောင် ကိုယ်ချစ်တဲ့သူကို စာလေးတစ်ကြောင်း ပို့ချင်စိတ်မရှိတဲ့ အနေအထားလို့ ခေါ်ရမှာပဲ။ တခါတလေ စိတ်တွေရှုပ်တဲ့အခါ တစ်ယောက်ထဲနေချင်တယ် စာမပို့ချင်ဘူး စကားလည်းမပြောချင်ဘူး ဆိုတဲ့အချိန်တွေရှိတာနားလည်ပါတယ်။ ဒါပေမယ့် ကိုယ်ဘာလုပ်နေလုပ်နေ “အချိန်မပေးနိုင်ခြင်း” ဆိုတာ အချိန်မပေးချင်ခြင်းပါပဲ။

ကျွန်တော်ဟာ “အချိန်မပေးနိုင်ခြင်း” နဲ့ “အလုပ်ရှုပ်ခြင်း” နှစ်ခုကို ခွဲခြားသိမြင်ခဲ့ခြင်းမရှိတော့ – အလုပ်ရှုပ်လို့ အချိန်မပေးနိုင်ဘူးလို့ လွဲမှားစွာ မှတ်ယူခဲ့ဖူးပါတယ်။

ခုချိန်မှာတော့ ကျွန်တော် အလုပ်ရှုပ်တဲ့ကြားက အချိန်ပေးတတ်နေပါပြီ။ ဒါကြောင့် အလုပ်ရှုပ်နေရင်တောင် ကိုယ်ချစ်တဲ့သူဆီကို စာလေးတစ်ကြောင်း ပို့ဖို့အတွက် အချိန်ပေးပါ။ ကိုယ် မအားတဲ့ကြားက ပို့တဲ့ စာတစ်ကြောင်းကို ကိုယ်ချစ်တဲ့သူက ကိုယ့်ကို တကယ်ပြန်ချစ်နေတယ်ဆိုရင် သူ တန်ဖိုးထားပါလိမ့်မယ် လို့ ပြောရင်းနဲ့ပဲ ဒီ Blog Post လေးကို နိဂုံးချုပ်လိုက်ပါတယ်။