0 Comments
Spread the love

ဒီနေ့ ထိုင်နေရင်းနဲ့ တစ်ယောက်က ကျွန်တော့်ကို လာပြောတယ်။ အကို ကျွန်တော် CentOS Linux နဲ့ Windows ကို Dual Boot တင်တာ ဘာဖြစ်လို့လဲမသိဘူး Windows ကိုတက်အောင် ရွေးတာ မပါတော့ဘူးတဲ့။

တထိုင်ထဲမှာ အတွေးတွေ အရမ်းများသွားတယ်။ ဘာဖြစ်လို့လဲပေါ့။ Linux ကို အရင်တင်တာလား Windows ကိုအရင်တင်တာလား လို့မေးလိုက်တယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့် Linux ကိုအရင်တင်လိုက်ရင် GRUB ကို Windows Boot Loader က ဖုံးသွားတော့ Windows ပဲတက်တော့တယ် Linux ကို ရွေးလို့မရ ဖြစ်သွားတာက များတယ်လေ။ ဒါပေမယ့် သေချာပြန်စဉ်းစားပြန်တော့လည်း သူက Windows တက်မရတာဆိုတော့ ဦးနှောက်ထဲမှာ တော်တော် ခေါင်းစားသွားတယ်။ အဲဒါနဲ့ စက်ကို ပြပေါ့ တောင်းလိုက်တယ်။

တက်လာတော့ ဟုတ်တယ်ဗျ။ CentOS 7 ရဲ့ တင်တင်ချင်း Kernel ပေါ်တယ်။ Rescue Kernel ပေါ်တယ်။ Windows မပေါ်ဘူး။ အဲဒါနဲ့ ကျွန်တော် Terminal ကိုဖွင့် ‘root’ user ပြောင်းပြီး grub configuration ကို အောက်က Command နဲ့ generate လုပ်ကြည့်တယ်။ အဲဒီ Command က Config ကိုတော့ တကယ်မရေးသေးပေမယ့် generator က အလုပ်လုပ်တာတွေ မြင်ရတယ်လေ။ Boot Loader ကို တွေ့လား မတွေ့လား ဆိုတာတွေကို Output မှာ ကြည့်လို့ရတယ်။ ရသွားလေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

grub2-mkconfig

ဒါပေမယ့် Output ထဲမှာလည်း CentOS Kernel တစ်ခုရယ် Rescue Kernel ရယ် စုစုပေါင်း ၂ ခုပဲ တွေ့တယ်။ အဲဒါနဲ့ နေဦး ဆိုပြီး Windows Partition တွေကို Mount လုပ်ကြည့်တယ်။ Windows Partition ဆိုမှတော့ NTFS တွေပေါ့ဗျာ။ တစ်ခုမှ Mount လုပ်လို့မရဘူး။ Error တွေ တက်နေတယ်။ အဲဒီမှာ ကျွန်တော် သဘောပေါက်သွားပြီ။ ဘာလုပ်ရမလဲဆိုတာ သိသွားပြီ။ ဒါနဲ့ ကျွန်တော်ဘာလုပ်လဲဆိုတော့ အောက်က Command ကို ရိုက်ချလိုက်တယ်။

yum search ntfs

လိုချင်တဲ့ Output ကို မရဘူး။ Package တွေကလည်း Library တွေချည့်ပဲ။ Utility/Driver Type Package တွေ တစ်ခုမှ မတွေ့ဘူး။ အဲ့တော့ သူ EPEL Repository မထည့်ထားသေးလို့ပဲ ဆိုပြီး အောက်က Command နဲ့ EPEL Repository ကိုသွင်းလိုက်တယ်။

yum install epel-release -y

ပြီးမှ အပေါ်က yum search ntfs ဆိုတာနဲ့ ထပ်ပြီး Package ကို ရှာကြည့်တယ်။ အဲဒီမှာ တွေ့ပါပြီ။ “ntfs-3g” ဆိုတဲ့ Driver Package ရယ် “ntfsprogs” ဆိုတဲ့ Utility Programs Package ရယ် ၂ ခုပါ။ အဲ့ ၂ ခုကို ကျွန်တော် အောက်က Command နဲ့သွင်းလိုက်တယ်။

yum install ntfs-3g ntfsprogs -y

သွင်းလို့လည်းပြီးရော ပထမဆုံး Command နဲ့ grub2 ရဲ့ Configuration ကို Generate ပြန်ထုတ်လိုက်တော့ Output ထဲမှာ Windows 7 Boot Loader ဆိုပြီး တက်လာပါလေရော။ ဒါဆို အဆင်ပြေလောက်တယ်ဆိုပြီး ပထမဆုံး အောက်က Command နဲ့ GRUB2 Configuration ကို Backup လုပ်တယ်။

cp /boot/grub2/grub.cfg ~/

နောက်တော့ အောက်က Command နဲ့ grub2 ကို Generate ထုတ်တဲ့ Configuration ကိုရေးလိုက်ပါတယ်။

grub2-mkconfig > /boot/grub2/grub.cfg

ခဏလေးစောင့်ပြီးတဲ့အချိန်မှာ configuration file ရေးလို့ပြီးသွားပါတယ်။ အဲဒါနဲ့ Reboot ချကြည့်လိုက်တယ်။ GRUB Boot Loader နေရာမှာ Windows 7 ဆိုတာလေးပေါ်လာတော့ ရွေးကြည့်လိုက်တော့ တက်သွားရောဗျ။ အားလုံးအဆင်ပြေသွားတယ်။

Summary

ဘာကြောင့်ဒီလိုလုပ်ရလဲ ဘာကြောင့် ဒီလိုဖြစ်လဲဆိုတော့

CentOS ရဲ့ GRUB Boot Loader နဲ့တက်တဲ့အခါ CentOS က NTFS File System ကို ဖတ်ဖို့ Driver တွေ Utility Program တွေ မပါတော့ NTFS File System ရှိတဲ့ Partition တွေကို ဖတ်လို့မရဘူး။ အကျိုးဆက်က ဘာဖြစ်လဲဆိုတော့ Windows Boot Loader ကို ရှာမတွေ့ဘူး ဖြစ်တာပဲ။ Windows Boot Loader ကို ရှာမတွေ့တော့ GRUB Configuration ထဲ ထည့်မရေးသွားဘူး။ ထည့်မရေးသွားတော့ GRUB Boot Loader နေရာမှာ မပေါ်တော့ဘူးပေါ့။

ဒါကြောင့် NTFS Driver (ntfs-3g) ဆိုတဲ့ Package နဲ့ NTFS Utility Programs (ntfsprogs) ဆိုတဲ့ Package လေးကို ထည့်ပေးပြီး grub2 configuration ကို generate ထုတ်လိုက်တာနဲ့ အဆင်ပြေသွားခဲ့ပါကြောင်း မှတ်စုတစ်ခုအနေနဲ့ ရေးသားဖေါ်ပြလိုက်ပါတယ်။


Spread the love

Leave a Reply

Your email address will not be published. Required fields are marked *